နာမည်ကျော်ကြား လူကြိုက်များလှသော ကျီးသဲစည်းလုံချည် အကြောင်း တစ်စေ့တစ်စောင်း

  http://i627.photobucket.com/albums/tt352/Thu-Rein/Shwedaung/DSC01762.jpg
ရွှေတောင်မြို့နယ်သည် ရှေးဘိုးဘွားဘီဘင် လက်ထက်ကပင် ယက္ကန်းလုပ်ငန်း၌ အထူးထင်ရှားခဲ့သော မြို့တစ်မြို့ဟု ဆိုရမည် ဖြစ်ပါသည်။ ယနေ့အချိန်ထိလည်း တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်ယက္ကန်းလုပ်ငန်း များသာမက အမှတ်(၁)စက်မှုဝန်ကြီးဌာန လက်အောက်ခံဖြစ်သော ရွှေတောင် ချည်မျှင်နှင့် အထည်စက်ရုံတို့က ယက္ကန်းလုပ်ငန်းကို ခေတ်စနစ်နှင့် အညီ လုပ်ကိုင်လျှက် ရှိပါသည်။ ၎င်းတို့အနက် ရွှေတောင်မြို့နယ် ကျီးသဲမြို့မှ ထွက်ရှိသော ယက္ကန်းထည်များတွင် ရွှေတောင် စည်းလုံချည်သည် အထူးနာမည်ရ ထင်ရှားပါသည်။

ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့မှထွက်ရှိသော  မြန်မာရိုးရာစည်းလုံချည်ကို တင်ပြရမည်ဆိုလျှင် ရှေးဦးစွာ ကျီးသဲကျေးရွာ စတင်တည်ရှိလာမှုမှ အခြေခံ၍ တင်ပြရမည် ဖြစ်ပါသည်။  

ကျီးသဲဆိုသည့်စကားမှာ စည်းအခြေခံအားဖြင့် ရှမ်းစကားမှ လာခြင်းဖြစ်ပါသည်။ အတိတ်ကာလတစ်ခုတွင် ကျီးသဲ ကျေးရွာ၌ မြန်မာများသာမက ရှမ်းတိုင်းရင်းသားများပါ ရောနှောနေထိုင် ခဲ့ကြပါသည်။ သို့ဖြစ်သောကြောင့် ကျီးသဲမြို့၏ အဓိကလမ်းနှစ်လမ်း၏ အမည်မှာလည်း ရှမ်းတန်းကြီး လမ်းနှင့် ရှမ်းတန်းလေးလမ်းဟု မှည့်ခေါ်ထားပါသည်။   ရှမ်းတိုင်းရင်းသားတို့နှင့်အတူ ပိုးထည်ရက်လုပ်ခြင်း လုပ်ငန်းပါ တစ်ပါတည်း ပါလာခဲ့ပါသည်။ ကနဦးကာလတွင် ကျီးသဲကျေးရွာ တစ်ခုလုံး၏ အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ ပိုးထည်ရက်လုပ်ခြင်း လုပ်ငန်းဖြစ်ပါသည်။
 
လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် ပိုးထည်အစား ချည်ထည်များကို ပြောင်းလဲရက်လုပ် လာခဲ့ကြသည်။ ထိုသို့ ရက်လုပ်ရာတွင် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ချည်ချောနှင့် ချည်ကြမ်းလုံချည် ၁၉၆၀ ခုနှစ် နောက်ပိုင်းသို့ ရောက်ရှိ လာသောအခါတွင်မူ ရိုးရိုးချည်လုံချည်များအစား သားရေပင်ဖြင့်စည်း၍ ပုံဖော်ရက်လုပ်ရသော စည်းလုံချည်ကို မြန်မာနိုင်ငံတစ်ခုလုံးတွင် ကျီးသဲဒေသ တစ်ခုတည်းမှသာ တီထွင်ရက်လုပ် လာနိုင်ကြပါသည်။  

http://s277.photobucket.com/albums/kk61/Thu_Rein/sdg-image/longyi-2.jpg

ကျီးသဲစည်းလုံချည်၏ အဓိကပညာရပ်မှာ သားရေပင်ဖြင့်စည်း၍ အပွင့်အမျိုးမျိုးကို ပုံဖော်ပြီး ထိုအပွင့်အဆင်တို့ကို ဆေးရောင်စုံ အမျိုးမျိုးဖြင့် လိုက်ဖက်အောင် ဆေးတို့ (ဆေးရောင်သွင်း) ပေးခြင်း ဖြစ်ပါသည်။ မန္တလေးအမရပူရမြို့မှ ထွက်သော စည်းလုံချည်မှာ အဖောက်တွင်ပုံဖော်သော အဖောက်စည်းဖြစ်ပြီး ကျီးသဲစည်းလုံချည်မှာမူ အတိုင်မှာ ကတည်းက အပွင့်ပုံအဆင်ဖော်ပြီး ရက်လုပ်ရသော အတိုင် စည်းလုံချည် ဖြစ်ပါသည်။ ထို့အပြင် ကျီးသဲစည်းလုံချည်မှာ စက်ယက္ကန်းဖြင့် ရက်လုပ်၍မရပဲ လက်ယက္ကန်းဖြင့်သာ ရက်လုပ်ရသော  မြန်မာ့ရိုးရာ စစ်စစ် လုံချည်ဖြစ်ပါသည်။

စည်းလုံချည်ရက်လုပ်ရသော အဓိကကုန်ပစ္စည်းမှာ (၂/၈၀) ချည်အမျိုးအစား (အိန္ဒိယ+တရုတ်) နှင့် ဓါတ်ဆေး ဆိုးဆေးတို့ ဖြစ်ပါသည်။ စံချိန်မှီ စည်းလုံချည် တစ်ကွင်း၏ အတိုင်းအတာမှာ ကွင်းအကျယ် ၄ တောင်၊ အနံ ၄၂ လက်မ၊ ချည်ပင် ၁ လက်မ၊ အတိုင် ၇၂ ပင် အဖောက် ၆၈ ပင် ရှိရပါမည်။ ထို့ပြင် (၂/၈၀) တိုင်ဖဲပိုးဖောက်သော ဖဲစည်းလုံချည် များကိုလည်း ရက်လုပ်ပါသည်။ ချည်ခင်အနေအထားမှ  စည်းလုံချည် တစ်ကွင်းဖြစ်လာရန် အဆင့်အားဖြင့် (၁၀)ဆင့် ရှိပါသည်။ ယင်းတို့မှာ -    
(၁)         ချည်ချခြင်း
(၂)         အဖြူယက္ကန်းရှည်ခြင်း
(၃)         စည်းကားသွင်းခြင်း
(၄)         စည်းပွင့်ဖော်ခြင်း၊ ပန်းဖော်ခြင်း
(၅)         ဆေးဆိုးခြင်း
(၆)       ဆေးရောင်သွင်းခြင်း (ဆေးတို့ခြင်း)
(၇)        အခြောက်ခံနေလှမ်းပြီး စည်းကားခွဲခြင်း
(၈)        ယက္ကန်းရှည်ခြင်း
(၉)        လိပ်တုံးသွင်းခြင်း
(၁၀)      စင်တင်ရက်လုပ်ခြင်း တို့ဖြစ်ပါသည်။

ထိုသို့အဆင့်ဆင့် ဆောင်ရွက်ရာတွင် ချည်မှစည်းလုံချည်တစ်ထည် ဖြစ်မြောက်ရန်အတွက် အနည်းဆုံးအချိန် တစ်ပတ်ခန့် ယူရပါသည်။ ထို့ပြင် အထက်ပါလုပ်ဆောင်ရသော လုပ်ငန်းအဆင့်ဆင့်တို့တွင် လုပ်သားတစ်ဦးဦးက သေသပ်ကျနမှု မရှိပါက ကျန်လူများ မည်မျှကောင်းစေကာမူ သေသပ် လှပသော လုံချည်တစ်ထည် ဖြစ်ပေါ်လာမည် မဟုတ်ပါ။ တစ်နည်းအားဖြင့် လုပ်သားအားလုံး စည်းလုံးညီညွတ်မှုရှိမှသာ ကောင်းမွန်လှပသော လုံချည်တစ်ထည် ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။   ကျီးသဲစည်းလုံချည်အား ပြည်တွင်း၌သာမက ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ကိုယ်တိုင် လာရောက် လေ့လာပြီး နှစ်ခြိုက်စွာ ၀ယ်ယူကြပါသည်။ နိုင်ငံခြားပို့ကုန် အဖြစ်လည်း တွင်ကျယ်စွာ ရောင်းချနေရပါသည်။  

ကျီးသဲစည်းလုံချည် ထုတ်လုပ်ရာတွင် သုံးစွဲရသော အဓိက ကုန်ပစ္စည်းများ
·        ၂/၈၀ ချည်၊
·        ဓါတ်ဆေး၊
·        ဆိုးဆေး၊
·        ဖဲပိုး စသည်တို့ ဖြစ်ကြသည်။  

အခါအခွင့်သင့်၍ အလည်အပတ်ရောက်ရှိခဲ့လျှင် ရွှေတောင်မြို့ ကျီးသဲစည်းလုံချည် လုပ်ငန်းအား လာရောက်လေ့လာ နိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ စည်းလုံချည် လုပ်ငန်းခွင်အဆင့်ဆင့် လုပ်ဆောင်ရပုံများကို မူလ စာမျက်နှာတွင် ဓါတ်ပုံများနှင့် ဖေါ်ပြထားပါသည်။  

(စည်းလုံချည် လုပ်ငန်းခွင်အကြောင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပေးခဲ့သော ရွှေတောင်မြို့ ပုလဲရောင်ခြည် ဓါတ်ပုံနှင့် ကွန်ပြူတာ၊ မိတ္တူလုပ်ငန်းအား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။)
 
Make a Free Website with Yola.