http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/ledi1.jpgရွှေတောင်မြို့၏

လယ်တီစာကြည့်တိုက်

http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/ledi2.jpg  ရွှေတောင်မြို့ရဲ့ 

စာပေဟောပြောပွဲ မြင်ကွင်း

http://i627.photobucket.com/albums/tt352/Thu-Rein/My%20Photos/Takhinkodawhmaing.jpg 

ရွှေတောင် ဆရာလွမ်း (ခ) ဆရာကြီး သခင်ကိုယ်တောင်မှိုင်း


http://i277.photobucket.com/albums/kk61/Thu_Rein/sdg-image/sdg20.jpg
 ရွှေတောင်မြေက အလင်းဘဏ်တိုက် လယ်တီစာကြည့် ပိဋကတ်တိုက်  

လယ်တီစာကြည့် ပိဋကတ်တိုက်ကြီးသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ယွန်းတန်းလမ်း၊ မင်းရပ်တန်းလမ်း၊ အမျိုးသား  ကျောင်းလမ်း၊ ပိတောက်တန်းလမ်း၊ လမ်း (၄) ခွဆုံရာ ဆုံမှတ်ထောင့်တွင်း ထီးထီးမားမား၊ ကြီးကြီးမားမား၊ ထင်သာမြင်သာသော အဆောက် အအုံကြီး အဖြစ် ခိုင်ခန့်ထည်ဝါစွာ ရပ်တည်လျက်ရှိနေပေသည်။ ထိုလယ်တီပိဋကတ်တိုက်ကြီး၏ အတိတ် တံခါးကို ခေါက်လိုက်သောအခါ သမိုင်းစာမျက်နှာများ ပွင့်အန်ထွက်လာပေတော့သည်။

လယ်တီဆရာတော် ဘုရားကြီး နှစ်စဉ်ရွှေတောင်မြို့သို့ နှစ်စဉ် ကြရောက်လျက် တရားပွဲများ ချီးမြှင့်ခဲ့ရာ မြန်မာ သက္ကရာဇ် ၁၂၈၄၊ ခရစ်သက္ကရာဇ် ၁၉၂၂ ထိဖြစ်ခဲ့ပါသည်။ လယ်တီဒီပနီ ပေါင်းချုပ် ပဌမတွဲ တွင်ပါရှိခဲ့သည့်အတိုင်း လယ်တီဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်၊ ပထမ ၀ါဆိုလပြည့်၊ အင်္ဂလိပ်သက္ကရာဇ် ၂၇ ရက်၊ ၆ လ၊ ၁၉၂၃ နေ့တွင် ပျဉ်းမနားမြို့တွင် ပျံလွန်တော် မှုခဲ့သည်။

လယ်တီဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် (၁၀)နှစ်ခန့် အကြာတွင် ရွှေတောင် လယ်တီနိုင်ငံခြား သာသနာပြု အသင်းတွင် ယခင်အသင်းသား ဖြစ်ခဲ့သော ရွှေတောင်မြို့၊ ဒုရင်ဒုဘို ရွာနေ ပိုးကုန်သည် ဦးမှတ်ကြီးသည် အသင်းခွဲ ဥက္ကဌ ဖြစ်လာခဲ့သည်။  မြန်မာသက္ကရာဇ် ၁၂၉၅ ခုနှစ်တွင်ပင် အလှူရှင် ဦးမှတ်ကြီးမိသားစု ဦးဆောင်လျက် လက်ရှိမြေနေရာကို ၀ယ်ယူကာ လယ်တီပိဋကတ်တိုက် အဆောက်အဦးကို အများပြည်သူ ကောင်းကျိုးအတွက် ဆောက်လုပ် လှူဒါန်းခဲ့ကြပါသည်။ ပျံလွန်တော် မူပြီးသော လယ်တီဆရာတော်ဘုရားကြီးအား အမှတ်တရ ပေးထားသော အထိမ်းအမှတ်အနေဖြင့် လည်းကောင်း၊ မြို့လူထု၏အကျိုးငှာ ခမ်းမဆောင်အဖြစ် အသုံးပြုနိုင်စေရန် အတွက်
လည်းကောင်း၊ စာပေများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် မြို့နယ်အတွင်းရှိ စာပေ ၀ါသနာရှင်များ သုတ၊ သုတေသီများ လေ့လာလိုက်စားရင်း စာဖတ်ရှိန် မြှင့်တင်နိုင်ကြစေရန် လည်းကောင်း၊ စေတနာ အရင်းခံဖြင့် လှူးဒါန်းခဲ့ကြခြင်း ဖြစ်ပါသည်။

ထိုစဉ်က ပိဋကတ်တိုက်၊ လယ်တီတိုက်၏ ဆောက်လုပ်ရေးဆိုင်ရာ အကြီးအမှူး ဗိသုကာပညာရှင် မှာ ရွှေတောင်မြို့ မင်းရပ်တန်းလမ်းနေ ဦးချစ်ပင် ဖြစ်ပါသည်။  အဆောက်အဦး ပုံစံမှာ ထိုခေတ်က ပြင်သစ်ပြည်၊ ပါရီမြို့တွင်ရေပန်းစားခဲ့သော ယဉ်ကျေးမှုဗိမာန်ပုံစံကို အတုယူဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုခေတ်ထိုအခါက ပိဋကတ်တိုက်တွင်ပင် စာပေဟောပြောပွဲများ၊ မြို့နယ် ရပ်ကွက်ဆိုင်ရာ အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲများ၊ ဘာသာရေး ဆိုင်ရာ ဓမ္မကထိကများ၏ တရားပွဲများ စသည့်တို့ကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။ ရှင်ပြု၊ နားသ အခြားအလှူ ဒါန ရေစက်ချပွဲများ၊ လက်ထပ်မင်္ဂလာ ပွဲများ စသည့်တို့ကိုလည်း ငှားရမ်းအသုံးပြုကာ၊ ရံပုံငွေ ရှာဖွေ ခဲ့ကြပါသည်။

လယ်တီစာကြည့်ပိဋကတ်တိုက်ကြီး၏ ခေတ်ရေစီးကို ဖြတ်သန်းခြင်း (သို့) သမိုင်းထဲက လယ်တီိတိုက်

၁၉၄၀-၁၉၄၁ တွင်ပြည့်သူ့ဆေးရုံဖြစ်ခဲ့ပါသည်။ ၁၉၄၂ တွင်အမျိုးသားကျောင်းဖြစ်ခဲ့ပြီး ၁၉၄၅ တွင် အာရုလူ ငယ်အစည်းအရုံး ရုံးစိုက်ရာ ဌာနချုပ်စခန်းဖြစ်ခဲ့ပါသည်။ ၁၉၄၅ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် သရက်ဌာနချုပ် အခြေစိုက်စခန်းသို့ အသွားလမ်းခုလပ်တွင် လယ်တီတိုက်သို့ ၀င်ရောက်တည်းခိုခဲ့ဘူးပါသည်။ ထိုစဉ်က လယ်တီတိုက် အပေါ်ထပ်မှနေကာ နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်ထံသို့ တိုက်ပွဲခေါ်သံ စာတစ်စောင် ရေးပို့ခဲ့လေသည်။ ၁၉၇၅-၇၆ တွင် လယ်တီပိဋကတ်တိုက်တွင် ပါတီယူနစ်ရုံးကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

၁၉၈၂ မှ ၁၉၈၇ထိ လယ်တီစာကြည့်တိုက်ကြီးသည် (၆)နှစ်တာ ကာလလယ်တီပိဋကတ်တိုက်ကြီးသည် ပြုပြင်သူကင်း ဝေးလျှက် ရဲတိုက်ပျက်ကြီးပမာ ဖြစ်ခဲ့ပါသည်။ ၁၉၉၀-၉၁ ခုနှစ်တွင် တိုင်းရင်း ဆေးခန်း ရုံးအဆောက်အဦ ဖြစ်ခဲ့ပါသည်။ ၁၉၉၃-၂၀၀၄ ထိ (၁၁) နှစ်နီးပါး ပိဋကတ်တိုက်ကြီးတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ခြုံနွယ် ပိတ်ပေါင်းများ တက်ကာ အဆောက်အဦကြီး ပျက်စီးလုနီးပါးဖြစ်ခဲ့ပါသည်။

အသစ်တဖန် ပြန်လည်မွေးဖွားလာသော လယ်တီပိဋကတ်တိုက်

၂၉.၁.၂၀၀၄ နေ့က ရွှေတောင်မြို့တွင် မြို့နယ်စာပေအသင်းက ကြီးမှူးကျင်းပသော စာပေအသင်း ကကြီးမှူးကျင်းပသော စာပေဟောပြောပွဲတွင် စာရေးဆရာ ဆရာအောင်သင်းမှ လယ်တီတိုက်ကြီးတစ်ခုလုံး ရှိနေပါလျက် စာကြည့် အသင်းလေးတစ်ခုတောင်မရှိတာ နောက်ပိုင်း လူကြီးလူငယ်တွေ ညံ့ရာရောက်ကြောင်း  ရွှေတောင်ဟာ ရွှေတောင်မဟုတ်ဘူး၊ ကြေးတောင်သာ ဖြစ်ကြောင်း စသည့် ပယ်ပယ်နယ်နယ်ပစ်ပစ်ခါခါ ဟောလည်းဟော ခဲ့ပါသည်။ ဆောင်းပါးဖြင့်လည်း ပြင်းပြင်းထန်ထန်ရှုံ့ချရေးခဲ့ပါသည်။

ဆရာ ဦးအောင်သင်းပြန်သွားခဲ့ပြီးနောက်ပိုင်း ရွှေတောင်လူငယ်များ၏ လက်ဘက်ရည်ဝိုင်းသည့် စာကြည့်တိုက် ပြန်လည်ဖွင့်လှစ်ရေး တာစူသည့် အစည်းအဝေး၀ိုင်းများ ဖြစ်ခဲ့ရပေသည်။ (၄.၄.၂၀၀၄) နေ့တွင် လယ်တီစာကြည့်ပိဋကတ်တိုက်ကြီးကို အသစ်တဖန်ပြန်လည်မွေးဖွားနိုင်ခဲ့ကြ ပါသည်။ စာကြည့်တိုက် ဖွင့်လှစ်ပေးသော ဗိုလ်ချုပ် လှမင်းက ငွေကျပ် – ၅၀၀၀၀၀ ကျော်တန် ကွန်ပျူတာ တစ်လုံး ပေးအပ်လှူဒါန်းပါသည်။

စာကြည့်တိုက်ဖွင့်ပွဲကို ဆရာအောင်သင်း၊ ဆရာကံထွန်းသစ်၊ ဆရာချစ်ဦးညို၊ ဆရာဆောင်းဝင်းလတ်၊ မြားနက်မောင် အယ်ဒီတာချုပ် ဒေါက်တာ လွဏ်းဆွေတို့ ကြွရောက်ကာ စာပေဟောပြောခြင်းဖြင့် ခမ်းခမ်းနားနား ဖွင့်လှစ်ခဲ့ပါသည်။ ရွှေတော် လယ်တီပိဋကတ်တိုက် ပြန်လည်ဖွင့်လှစ်ပြီးနောက် (၂.၅.၂၀၀၄) မှစကာ စာဖတ်ခန်းအစ  ပျိုးဖွင့်ခဲ့ပြီး (၁.၆.၂၀၀၄) မှ စကာ စာကြည့်တိုက် တစ်တိုက်၏ အင်္ဂါရပ်ပြည့်စုံညီညွတ်စွာဖြင့် အသင်းသားစု  စည်းခြင်း၊ စာအုပ်ငှားရမ်းခြင်းများ ပီပြင်သက်ဝင်ခဲ့ပါသည်။ လက်ရှိ စာကြည့်တိုက် ကော်မတီကို တိုးတက်သော  မျိုးဆက်သစ် လူငယ်များ အမာခံဖွဲ့စည်းထားပြီး အားသွန်ခွန်စိုက် ကြိုးပမ်းလျက် စာကြည့်တိုက် ရေရှည်တည်တန့်အောင် လုပ်ဆောင်လျက်ရှိပါသည်။ တိုးတက်သော ခေတ်စနစ်နှင့်အညီ အင်တာနက် ၀က်ဘ်ဆိုက်လည်း တင်ထားပါသည်။

၂၀၀၉ ခုနှစ်အတွင်း စာကြည့်တိုက် လစဉ်တိုးတက်မှုပမာဏမှာ
            
 အသင်းသားဦးရေ                            -၂၆၅၁ ဦး              
နေ့စဉ်စာအုပ်ငှားရမ်းသူ                     - ၇၀ (ပျမ်းမျှ)              
လစဉ် စာကြည့်တိုက်ရံပုံငွေ                - ၅၀၀၀၀ (ပျမ်းမျှ) (အခြားရံပုံငွေ မပါသေးပါ)             
စာအုပ်အင်အားစုစုပေါင်း                   - ၅၀၀၀၀ခန့် ဖြစ်ပါသည်။

စာကြည့်တိုက်ကြီး ရေရှည်တည်တံခိုင်မြဲရေးအတွက် (ရံပုံငွေ) တောင့်တင်းကြံ့ခိုင်ရန် လယ်တီစာ ကြည့်တိုက်ခမ်းမကို လက်ထက်မင်္ဂလာပွဲများ ငှားရမ်း အသုံးပြုခြင်းဖြင့် လည်းကောင်း၊ ပြည်-တောက်ကုတ် ကားလိုင်းဖွင့် ခြင်းဖြင့် လည်းကောင်း ရှာဖွေလျက်ရှိပါသည်။ အချုပ်အားဖြင့် ပြန်လည်နိုးထ သက်ဝင်လာသော လယ်တီစာကြည့်ပိဋကတ်တိုက်ကြီးသည်  ရွှေတောင်မြို့၏ အနာဂတ်ကို ထွန်းလင်း တောက်ပစေနိုင်မည့် အလင်းဘဏ်တိုက် လယ်တီစာကြည့် ပိဋကတ်တိုက်ကြီးပင် ဖြစ်ပါတော့သည်။               

 လက်ရှိလယ်တီစာကြည့်ပိဋကတ်တိုက်ကော်မတီဝင်များ

၁။              ဦးမြင့်အောင် (နာယက)
၂၊              ဦးမင်းဆွေ (နာယက)
၃။              ဦးသန်းမြင့် (နာယက)
၎။              ဦးခင်မောင်သန်း (ဥက္ကဋ္ဌ)
၅။              ဦးမင်းသိမ်းဝင်း (ဒု-ဥက္ကဋ္ဌ)
၆။              ဦးအေးမြင့် (ဒု-ဥက္ကဋ္ဌ)
၇။              ဦးလှထူး (ဘဏ္ဍာရေးမှူး)
၈။              ဦးအေးညွန့် (စာရင်းစစ်)
၉။              ဦးသက်ဝေ (အဖွဲ့ဝင်)
၁၀။            ဦးဇော်မင်းလတ် (အဖွဲ့ဝင်)
၁၁။            ဦးသိန်းလွင် (အဖွဲ့ဝင်)
၁၂။            ဦးရဲတင့် (အဖွဲ့ဝင်)
၁၃။            ဦးမြင့်ဆွေ (အဖွဲ့ဝင်)
၁၄။            ဦးအေးကို (အဖွဲ့ဝင်)
၁၅။            ဦးလှဦး (အဖွဲ့ဝင်)
၁၆။            ဦးအေးနိုင် (အဖွဲ့ဝင်) တို့ဖြစ်ကြပါသည်။
 
Make a Free Website with Yola.